အယ်လ်ဇိုင်းမားရောဂါ စနေပြီလား
စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုတွေ ကျဆင်းလာမှာကို စိုးရိမ်နေပြီလား? တကယ်တော့ မေ့တတ်တယ်ဆိုတာက ဇရာရဲ့ လက္ခဏာတစ်ရပ်ပါ။ အသက်အရွယ်ရလာချိန်မှာ တစ်ယောက်ယောက်ရဲ့ နာမည်ကို မှတ်မိဖို့ ခက်လာတာ၊ ပစ္စည်းတွေကို အထားမှားပြီး မှတ်မိဖို့ ခက်ခဲလာတာတွေကို မလွဲမသွေ ကြုံရမှာပါ။ ဒီလိုမေ့လျော့မှုက နေ့စဉ်ဘဝကို မထိခိုက်ဘူးဆိုရင်ဒါက ပြင်းထန်တဲ့ မှတ်ဉာဏ်မေ့လျော့မှုလို့ မဆိုနိုင်ပါဘူး။
ဒီလိုမှ မဟုတ်ဘဲ မှတ်ဉာဏ်မေ့လျော့မှုက နေ့စဉ်ဘဝကို ပြင်းပြင်းထန်ထန် သက်ရောက်ထိခိုက်လာပြီဆိုရင်တော့ ဒါက အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုရပါမယ်။ အယ်လ်ဇိုင်းမားရဲ့ အစောပိုင်းလက္ခဏာတွေက ပုံမှန် မေ့လျော့မှုတွေနဲ့ ဘာတွေ ကွာခြားနေလဲ ဆိုတာနဲ့ ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရသူ တစ်ဦးဦးမှာ ခံစားနေရတာက အယ်လ်ဇိုင်းမားရောဂါ များလားဆိုတာကို သိရှိဆန်းစစ်နိုင်စေဖို့ ဒီနေရာလေးကနေ အယ်လ်ဇိုင်းမားရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကို မျှဝေပေးလိုက်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ စနေပြီလား?
အယ်လ်ဇိုင်းမားရောဂါ ရှိနေလားဆိုတာကို အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ရင်း ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ဦး နော်။
သတိမေ့မယ်
မေ့တတ်လာတာက အယ်လ်ဇိုင်းမားရဲ့ အဖြစ်များတဲ့ လက္ခဏာပါ။ ဘယ်လိုမေ့တတ်တာလဲဆိုတော့ သင်ယူတတ်မြောက် ထားပြီးသား ပညာရပ်တွေကို မေ့တတ်နေတာ၊ သွားနေကျ လမ်းကြောင်းတွေကို မမှတ်မိတော့တာ၊ အရေးကြီးတဲ့ နေ့ရက်တွေ၊ ဘဝရဲ့ အရေးပါတဲ့ အဖြစ်အပျက်တွေကို မေ့လာတာ၊ မိသားစုဝင်တွေရဲ့ နာမည်တွေကို မမှတ်မိတော့တာတွေက အယ်လ်ဇိုင်းမား စတင်နေပြီဆိုတာရဲ့ အချက်ပြ လက္ခဏာ တစ်ရပ်ပါ။
ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေ ကျလာမယ်
အစီအစဉ် ချတာတွေ၊ ပြဿနာတွေကို ဖြေရှင်းနိုင်မှုပိုင်းတွေမှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာမျိုး ဖြစ်မယ်။ ဟင်းချက်ရာမှာ ထည့်နေကျ ဟင်းခတ်တွေကို မေ့မယ်။ အကြိမ် များစွာ လုပ်ကိုင်ဖြေရှင်းဖူးတဲ့ လုပ်ငန်းတာဝန်တွေကို ဖြေရှင်းဖို့ ခက်လာမယ်။ ဖုန်းဘေလ်၊ မီတာခွန်တွေဆောင်ရမှာကို မေ့လျော့နေပြီဆိုရင်တော့ အယ်လ်ဇိုင်းမား အချက်ပြနေတာပါ။
နေ့စဉ် လုပ်နေကျတာတွေကို လုပ်ဆောင်ဖို့ ခက်လာတာ
ရင်းနှီးကျွမ်းဝင်ပြီးသား အလုပ်တွေကို လုပ်ဖို့ ခက်လာမယ်။ သွားနေကျနေရာတွေကို သွားဖို့ ကားမောင်းရမှာကိုတောင် ခက်နေမယ်။ အကြိုက်ဆုံး အားကစားနည်းတွေကို ဘယ်လိုနည်းလမ်းနဲ့ ကစားရလဲ၊ စည်းမျဉ်းတွေက ဘာတွေလဲဆိုတာကို သိထားပါရက် လုံးဝ မသိသလို အစိမ်းသက်သက်ကြီး ဖြစ်နေမယ်ဆိုရင်တော့ အယ်လ်ဇိုင်းမားရောဂါကို သတိထားဖို့ လိုနေပါပြီ။
အချိန်တွေနဲ့ နေရာတွေ ရှုပ်ထွေးလာတာ
ကိုယ်ကိုယ်တိုင် ဘယ်နေရာမှာ နေလဲ မမှတ်မိတာ၊ သွားနေကျ လမ်းတွေကို ဘယ်လို သွားရမလဲ မသိတော့တာ၊ ကိုယ်သွားနေကျ နေရာကို ရောက်နေပါရက်နဲ့ ဘယ်ရောက်နေတာလဲဆိုတာကို မမှတ်မိတာမျိုးပါ။
အမြင်တွေ ပြောင်းလဲလာတာ
စာလုံးတွေကို ဖတ်ဖို့ ခက်လာတာ၊ အကွာအဝေးတွေကို မှန်းဖို့ခက်တာ၊ အရောင်တွေကို သဲသဲကွဲကွဲ မမြင်တာမျိုး ဖြစ်မယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။
စကားလုံးတွေကို သေချာ မသိတော့တာ
စကားလုံးတွေကို သေချာ မသိတော့ဘဲ ခက်ခဲလာတာ၊ စကားလုံးတွေကို သေသေချာချာ မသိတော့တာ၊ စဉ်းတီတုံးကို ငရုတ်ဆုံလို့ မှားခေါ်တာမျိုးတွေဖြစ်နေပြီဆိုရင်တော့ အယ်လ်ဇိုင်းမား လက္ခဏာ စနေတာမျိုး ဖြစ်နိုင်ပါတယ်။ စကားတွေကို ပြောရင်းလက်စ ဘာဆက်ပြောရမှန်း မသိတော့တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။
ပစ္စည်းတွေ ပျောက်တာ
လူတိုင်း ပစ္စည်း အထားမှားပေမယ့် အချိန် တစ်ခုပေးပြီး စဉ်းစားရင် ပြန် အမှတ်ရတတ်ပါတယ်။ ဒီလို မဟုတ်ဘဲ ဘယ်နေရာထားမိမှန်း မသိဘူးဖြစ်နေတယ်။ ထားနေကျ နေရာမှာ ထားတာမျိုးမဟုတ်ဘဲ နာရီကို ရေခဲသေတ္တာထဲ ထည့်ထားတာမျိုး ဖြစ်မယ်။ ပစ္စည်းတွေကို တစ်ယောက်ယောက်ယူသွားတယ်လို့ပဲ စွပ်စွဲ ပြောဆိုမိမယ်ဆိုရင်တော့ အယ်လ်ဇိုင်းမားပြဿနာ စနေတာပါ။
စိတ်ခံစားမှု ပြောင်းလာတာ
စိတ်အတက်အကျ အရမ်းမြန်လာမယ်။ အလွယ်တကူနဲ့ကို စိတ်ကသိကအောက် ဖြစ်နေမယ်။ စိတ်ဓာတ်ကျမယ်။ ကြောက်စိတ်များမယ်။ စိုးရိမ်စိတ်တွေ လွန်ကဲမယ်။ လူတွေကို သံသယများလာမယ်ဆိုရင်တော့ အယ်လ်ဇိုင်းမား ရှိနေလား စစ်ဆေးကြည့်ဖို့ လိုပါမယ်။
မွန်မွန်